ဆီးချိုရှိရင် ကြုံတွေ့ရမယ့်အရေပြားပြဿနာများ
ဆီးချိုဖြစ်ရင် အမြင်အာရုံထိခိုက်တာ၊ အာရုံကြောပျက်စီးတာကြောင့် ခြေလက်တွေမှာ အနာတွေဖြစ်တာ၊ ကျောက်ကပ်မကောင်းတာ၊ သွေးတိုးနဲ့ နှလုံးရောဂါတွေပါ တွဲလျက်ဖြစ်နိုင်တာတွေက လူသိများတဲ့ ဆိုးကျိုးတွေပါ။ အဲဒီလိုပဲ ခန္ဓာကိုယ်ရဲ့ အများပြားဆုံးသော အစိတ်အပိုင်းဖြစ်တဲ့ အရေပြားမှာလည်း ဆီးချိုက သက်ရောက်မှု ရှိပါတယ်။
ဆီးချိုရှိမှန်း မသိသေးတာပဲဖြစ်ဖြစ်၊ ဆီးချိုမျိုးရိုး ရှိတဲ့သူပဲဖြစ်ဖြစ် အရေပြားမှာ အောက်ပါလက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
(1) ထူပြီး ကြမ်းလာတဲ့ အရေပြား
လက်ဖမိုး၊ လက်ချောင်းတွေနဲ့ ခြေချောင်းလေးတွေမှာ အများဆုံး ဖြစ်တတ်ကာ တင်းပြီးလှုပ်ရှားရခက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်ရင် လက်မောင်း၊ ကျော၊ ပခုံး၊ မျက်နှာတွေထိ ပျံ့သွားနိုင်ပါတယ်။
(2) အဝါရောင်၊ အနီရောင်၊ အညိုရောက် အကွက်တွေ
ဝက်ခြံလို မာမာအဖုလေးက စဖြစ်တတ်ပြီး ကြာလာတဲ့အခါ မာကျောယောင်ရမ်းနေတဲ့ အဝါရောင်၊ အနီရောင်၊ အညိုရောင်အကွက်တွေ ဖြစ်လာတာကို Necrobiosis Lipodica လို့ ခေါ်ပါတယ်။ သွေးကြောတွေပါ မြင်နေရတတ်ပြီး ယားယံကာ နာကျင်နိုင်ပါတယ်။ ဒီလို အကွက်တွေ ပေါ်လာရင် ဆီးချို ရှိမရှိ စစ်ဆေးသင့်ပါတယ်။
(3) ကတ္တီပါသားလိုဖြစ်ပြီး မည်းနေတဲ့ အရေပြား
လည်ပင်းနောက်ဖက်၊ ချိုင်းကြားနဲ ပေါင်ခြံဟာ မည်းပြီး ကတ္တီပါသားလို ချောနေရင် ရှေ့ပြေးဆီးချို လက္ခဏာ ဖြစ်နိုင်ပါတယ်။
(4) အရည်ကြည်ဖုတွေ
Diabetic Bullae လို့ခေါ်တဲ့ အရည်ကြည်ဖုကြီးတွေ ပေါက်တာဟာလည်း သွေးတွင်းသကြားဓာတ် များနေတဲ့ လက္ခဏာတစ်ခုပါ။
(5) အရေပြား ယားနာတွေ
ရောဂါပိုးဝင်လို့ အရေပြားမှာ ယားနာတွေလို ဖြစ်ပြီး တစ်ချိန်လုံးကုတ်နေကြရတာကလည်း ဆီးချိုရောဂါကြောင့် ဖြစ်နိုင်ပါတယ်။
(6) ဒဏ်ရာနဲ့ အနာမကျက်တာ
ဆီးချိုရောဂါဟာ အာရုံကြောတွေကို ထိခိုက်ပြီး ထုံကျဥ်နေစေလို့ ထိခိုက်ဒဏ်ရာရတာကို သတိမထားမိဘဲ အနာတွေပိုဆိုးတာ၊ အနာမကျက်တာတွေ ဖြစ်တာပါ။ ဒါကြောင့် အနာမကျက်ရင် ဆီးချိုရှိနေမှန်းမသိတာ သို့မဟုတ် ဆီးချိုကို မထိန်းချုပ်နိုင်တာ ဖြစ်နိုင်ပါတယ်။
(7) အနီစက်တွေ (Diabetic Dermopathy)
ခြေသလုံးတဝိုက်မှာ ခြင်ကိုက်ရာလို အနီစက်တွေအများကြီး ထွက်လာတာကို Ddiabetic Dermopathy လို့ခေါ်ပြီး ဆီးချိုရဲ့ လက္ခဏာပါ။
(8) ခြောက်သွေ့ယားယံတဲ့ အရေပြား
ရောဂါပိုးဝင်တာနဲ့ သွေးလှည့်ပတ်မှု မကောင်းတာကြောင့် အရေပြားက တစ်ချိန်လုံး ခြောက်သွေ့ပြီးယားယံနေရင် ဆီးချိုစစ်ဖို့ မမေ့ပါနဲ့။
(9) မျက်ခွံတဝိုက်က အဝါရောင်အဆီပြင်တွေ (Xanthelasma)
Xanthelesma လို့ ခေါ်တဲ့ မျက်ခွံတဝိုက်က ငါးအကြေးခွံပုံစံ အဝါရောင်အဆီပြင်တွေက သွေးတွင်းသကြားဓာတ်များနေတာကို ပြသပါတယ်။
(10) အသားပို
အရေပြားပေါ်က အသားပိုတွေက တခြားအကြောင်းတွေကြောင့် ဖြစ်တတ်သလို ဆီးချိုသမားတွေမှာ အင်ဆူလင်ခုခံမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒီလိုအရေပြား ပြဿနာတွေ ရှိနေရင် အရေပြားဆရာဝန်နဲ့ ပြသသင့်သလို ဆီးချိုရှိမရှိ စစ်ဆေးဖို့၊ ဆီးချိုရှိပြီးသားဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိဖို့ လုပ်ဆောင်မှသာ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်